သွေးအားနည်းတိုင်း စိုးရိမ်ရလား
ဇာတ်လမ်းတွေထဲမှာ ဆရာဝန်တွေက မျက်လုံးဖြဲကြည့်ပြီး ခင်ဗျားမှာ သွေးအားနည်းနေတယ်လို့ ပြောတာမျိုး မြင်ဖူးကြားဖူးကြမယ် ထင်ပါတယ်။ လူရဲ့သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးဥမွှားတွေ အဓိက ပါပါတယ်။ Anemia လို့ခေါ်တဲ့ သွေးအားနည်းတယ်ဆိုတာ သွေးထဲမှာ သွေးနီဥတွေ နည်းနေတာကို ဆိုလိုတာပါ။
သွေးနီဥတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးက တစ်ရှူးတွေ၊ ဆဲလ်တွေကို အောက်ဆီဂျင် လုံလောက်အောင် ပို့ဆောင်ပေးတဲ့ တာဝန်ကို လုပ်ဆောင်ပါတယ်။ သွေးနီဥတွေနည်းနေတဲ့အခါ တစ်ရှူးတွေ၊ ဆဲလ်တွေဟာ အောက်ဆီဂျင်ကောင်းစွာ မရတော့လို့ လူကဖြူဖျော့ပြီး အားကုန်မောပန်း ခြေတွေလက်တွေမသယ်ချင်တော့သလို ဖြစ်လာပါတယ်။ သွေးအားနည်းတာဟာ ယာယီဖြစ်နိုင်သလို ရောဂါအခံတွေကြောင့် နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။
- ခန္ဓာကိုယ်ကနေ သွေးနီဥတွေ မထုတ်လုပ်နိုင်တာ
- သွေးထွက်လွန်ခြင်းကြောင့် သွေးနီဥတွေ ပြန်ဖြည့်ဖို့ အလျင်မမီတာ
- ခန္ဓာကိုယ်က သွေးနီဥတွေကို ဖျက်စီးပစ်တာတွေကြောင့် သွေးအားနည်းတတ်ပါတယ်။
စိုးရိမ်စရာမလိုတာကနေ အသက်အန္တရာယ် ချက်ချင်းရှိနိုင်တာအထိ သွေးအားနည်းရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိပါတယ်။
သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ - အဖြစ်အများဆုံး သွေးအားနည်းရောဂါပါ။ ရိုးတွင်းခြင်ဆီကနေ သွေးနီဥပါဝင်ပစ္စည်း
ဟေမိုဂလိုဘင်ကို ထုတ်လုပ်ပေးဖို့အတွက် သံဓာတ်ကို လိုအပ်ပါတယ်။ သွေးနီဥတွေက ဟေမိုဂလိုဘင်နဲ့ အောက်ဆီဂျင်ကို တစ်ကိုယ်လုံးကို ပို့ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ iron လို့ခေါ်တဲ့ သံဓာတ်ချို့တဲ့တဲ့အခါ ဟေမိုဂလိုဘင်နဲ့ အောက်ဆီဂျင်ကို တစ်ရှူးတွေဆီ မပို့နိုင်တော့လို့ သွေးအားနည်းတဲ့ လက္ခဏာတွေ ပေါ်လာတာပါပဲ။
ဗိုက်တာမင်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ - သွေးနီဥထုတ်လုပ်ဖို့ သံဓာတ်အပြင် folate နဲ့ ဗိုက်တာမင် B12 လည်း လိုအပ်ပါတယ်။ စားတဲ့အာဟာရတွေထဲမှာ folate နဲ့ B12 ချို့တဲ့နေတာ၊ စားပေမယ့် အူကစုပ်ယူနိုင်စွမ်းမရှိတာ (အူကင်ဆာရောဂါ) တွေကြောင့် သွေးအားနည်းရောဂါဖြစ်လာတာပါ။
Aplastic သွေးအားနည်းရောဂါ - ပိုးဝင်ခြင်းနဲ့ တချို့ဆေးတွေ၊အဆိပ်အတောက်တွေနဲ့ ထိတွေ့မိခြင်းကြောင့် ဖြစ်တဲ့ aplastic သွေးအားနည်းရောဂါမှာ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးဥမွှားအားလုံး လျော့နည်းပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။
Thalassemia ရောဂါ - မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ဒီရောဂါမှာ ဟေမိုဂလိုဘင်တွေ မထုတ်နိုင်လို့ သွေးအားနည်းပြီး မကြာခဏ သွေးသွင်းရတတ်ပါတယ်။
Sickles cells သွေးအားနည်းရောဂါ - ဟေမိုဂလိုဘင်ချို့ယွင်းမှုကြောင့် သွေးနီဥတွေဟာ လခြမ်းပုံဆဲလ်သေတွေ ဖြစ်လာစေတဲ့ Sickle cells anemia ကလည်း မျိုးရိုးဗီဇကြောင့် ဖြစ်တာပါ။
ရောဂါအခံတွေကြောင့် ဖြစ်တတ်တဲ့ သွေးအားနည်းရောဂါ- ကင်ဆာ၊ HIV/AIDS ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ လေးဘက်နာရောဂါ နဲ့ တချို့ရောဂါတွေမှာ ခန္ဓာကိုယ်တစ်ရှူးတွေရောင်ရမ်းမှုကြောင့် သွေးနီဥတွေ နည်းတတ်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာပိုဖြစ်နိုင်လဲ?
- ရာသီလာနေချိန် သွေးနီဥတွေဆုံးရှုံးတာ
- ကိုယ်ဝန်ဆောင်ချိန် သံဓာတ်နဲ့ folate ချို့တဲ့တာ
- အစာအာဟာရထဲမှာ သံဓာတ်၊ B12 နဲ့ folate ချို့တဲ့တာ
- အစာအိမ်နဲ့ အူရောင်တာ၊ အစာအိမ်နဲ့ အူကင်ဆာတွေကြောင့် အူကအာဟာရတွေ မစုပ်ယူနိုင်တာ
- နာတာရှည်ရောဂါတွေ ရှိနေတာ
- မျိုးရိုးထဲမှာ သွေးရောဂါ ဖြစ်ဖူးတဲ့သူရှိတာ ဆိုရင် သွေးအားနည်းရောဂါကို သတိထားရပါမယ်။
သွေးအားနည်းရင် မောပန်းလွယ်တာ၊ ဖြူဖျော့နေတာ၊ နှလုံးခုန်ရင်တုန်တာ၊ ခေါင်းအုံခေါင်းမူးတာ၊ ခြေဖျားလက်ဖျားတွေ အေးစက်နေတာ စတဲ့လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
အချိန်မီ ကုသမှုမယူရင် မလှုပ်ချင်တော့လောက်အောင် မောပန်းတာ၊ ကိုယ်ဝန်ဆောင်တွေဆို ပေါင်မပြည့်၊လမစေ့ပဲ မွေးတာ၊ နှလုံးကြီးလာပြီး နှလုံးအလုပ်မလုပ်နိုင်တော့တာ၊ အသက်သေဆုံးတာထိ ဖြစ်နိုင်ပါတယ်။
ကာကွယ်လို့ ရလား?
ရောဂါတွေကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းကို ကာကွယ်လို့မရပေမယ့် သံဓာတ်နဲ့ ဗိုက်တာမင်ချို့တဲ့ဖြစ်တာကိုတော့ ကာကွယ်လို့ရပါတယ်။
- သံဓာတ်အတွက် အမဲသားနဲ့ အနီရောင်အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် အရွက်တွေ စားပေးပါ။
- Folate အတွက် အသီးနဲ့ အသီးဖျော်ရည်၊ အစိမ်းရင့်ရောင်အရွက်များ၊ အစိမ်းရောင်ပဲ၊ မြေပဲ နဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပေါင်မုန်တို့ စားပါ။
- ဗိုက်တာမင် B12 အတွက် အသား၊ နို့၊ ပဲပိစပ်ပဲ နဲ့ အစေ့အဆန်တွေ စားပါ။
- ဗိုက်တာမင် C က သံဓာတ်စုပ်ယူခြင်းကို အားပေးတဲ့အတွက် ချဥ်တဲ့အသီးတွေ၊ ငရုတ်သီး၊ ဘရိုကိုလီ၊ ခရမ်းချဥ်သီး၊ စတော်ဘယ်ရီ ဟစတာတွေ မကြာခဏ စားပေးပါ။
- သွေးအားနည်းတဲ့ လက္ခဏာတွေပေါ်လာရင်တော့ ဆရာဝန်နဲ့ အချိန်မီပြသပြီး ကုသမှုခံယူပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်